နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ထံ အိုဘားမား သ၀ဏ်လွှာပို့

Politics


Photo

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဝန်ကြီး ဟီလာရီမှတစ်ဆင့် အိုဘားမား စာပေးပို့

By 7Day News
မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် ၃ ရက်တာ လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်အတူ သမ္မတအိုဘားမားက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကိုယ်တိုင်ရေးစာများ ပေးပို့ခဲ့ကြောင်း  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်သို့ ပေးသောစာတွင် လွန်ခဲ့သော နှစ်ပတ်ခန့်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာကျေနပ်ကြောင်း အစပြု ပြောကြားပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးသို့ ဦးတည်သော ခြေလှမ်းများစွာအတွက် အားတက်မိကြောင်း စာ၏ပထမပိုဒ်တွင် ရေးသားထားသည်။ မြန်မာ နိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနှင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အမြင်များကို ဆွေးနွေးရန်နှင့် အမေရိကန် ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို မည်သို့ ကူညီပေးနိုင်မည်ကို နည်းလမ်းရှာဖွေရန်၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်တို့အတွက် ဝန်ကြီးကလင်တန်ကို သွားရောက်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ထိုစာတွင် ရေးသားထားသည်။ လုပ်စရာ အလုပ်များစွာ ရှိသေးပြီး ယခင်က ပြောကြားခဲ့သလိုပင် အဆွေတော်တို့၏ ကြိုးပမ်းအားထုတ်မှုများက ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်သွားစေရန်  အမေရိကန် ပြည်ထောင်စု အနေနှင့် စစ်မှန်သော လက်တွဲဖော်အဖြစ် အဆင်သင့် ရှိကြောင်းလည်း သမ္မတအိုဘားမားက စာတွင် ရေးသားထားသည်။ ထို့အပြင် ဝန်ကြီး ဟီလာရီကလင်တန်၏ သမိုင်းဝင် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ကာ ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားကာ ဝန်ကြီးကလင်တန်နှင့် သမ္မတဦးသိန်းစိန်ကို တွေ့ဆုံဆွေးနွေးမှုမှ လက်ဆုပ်လက်ကိုင် ပြနိုင်သော တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို ကြားရလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းအသစ်အဖြစ်  ကျွန်ုပ်တို့ကို တင်ပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားကာ စာကို အဆုံးသတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သော စာတွင် မကြာမီက တွေ့ဆုံစကားပြောခွင့်(ဖုန်းဖြင့်) ရခဲ့သည့်အတွက် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း အစပြုကာ ပြောကြားခဲ့သည့် စာတွင် သမ္မတအိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ သတ္တိရှိမှုနှင့် ဒီမိုကရေစီ အရေးအတွက် မမှိတ်မသုန် ကြိုးစားရုန်းကန်ခဲ့ရမှုကို ကာလရှည်ကြာစွာ ကတည်းကပင် လေးစားအားကျခဲ့ရကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အစိုးရ၏ လက်ရှိပြုပြင် ပြောင်းလဲရေးနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် ခြေလှမ်းများအတွက် ဝမ်းသာမိကြောင်းနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်မှာ အမေရိကန်နိုင်ငံ အနေနှင့်  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို မည်သို့အားပေး ကူညီမှုများ ပြုလုပ်ပေးနိုင်မည်ကို လေ့လာရန်နှင့် လူ့အခွင့်အရေး ကိစ္စများနှင့် မြန်မာပြည်သူများကို မည်သို့ ကူညီပေးနိုင်မည်ကို နည်းလမ်းရှာဖွေရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီး၏ ခရီးစဉ်ကို ကြိုဆိုခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ရေးသားထားသည်။ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ စကားပြောခွင့် ရလိုပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ဒီမိုကရေစီ၏ တန်ဖိုးကို ကျွန်ုပ်တို့ အပါအဝင် တစ်ကမ္ဘာလုံးကို သိစေခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း စာတွင် ရေးသားထားသည်။ စာ၏ အဆုံးသတ်တွင် သမ္မတအိုဘားမားက ကျွန်ုပ်တို့သည် သင်နှင့်အတူ ယခုရော၊ အမြဲတမ်းအတွက်ပါ ရပ်တည်ပေးသွားမည်ဟု ရေးသားထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဒီဇင်ဘာ ၁ ရက်က သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ ရက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်၌ တွေ့ဆုံခဲ့သည်။

အေးမြကျော်

Comments

Popular Posts