နိင်ငံတော် သမ္မတဦးသိန်းစိန် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမက်မိုဟန်ဆင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ (၂၈)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉နာရီ မိနစ် ၂ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာ၌
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လယ်ယာစိုက်ပျိုးရေး နှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းညွန့်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်း၊ အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူနှင့် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ
မြန်မာ နိုင်ငံသံအမတ်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ
တက်ရောက်ကြပြီး အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံအမတ်ကြီး H.E. Mr. Villur Sundararajan Seshadri နှင့်
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဦးစွာပြောကြားရာတွင် မြန်မာ-အိန္ဒိယ
နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုအားဖြည့်ပေးစေမည့်
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ ယခုခရီးစဉ်အား
မိမိတို့အစိုးရအဖွဲ့နှင့် ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊
ဤခရီးစဉ်သည် မြန်မာနိုင်ငံသို့ (၂၅)နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ်၏
ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါကြောင်း၊ အိန္ဒိယနှင့် မြန်မာ
နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊
နယ်စပ်ဒေသအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အိန္ဒိယ
နိုင်ငံမှအကူအညီများပေးအပ်ခြင်း အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊
မိမိတို့နှစ်နိုင်ငံ လုံးအတွက် အကျိုးရှိစေမည့်
နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကဏ္ဍစုံပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည်
ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် ဒီမိုကရေစီအတွေ့အကြုံနှင့် အလေ့အထများ
ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်လျက်ရှိပါသေးကြောင်း၊
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို
ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး
အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးအင်အားစုများအားလုံး
ပါဝင်ခွင့်ရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေး ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအပါအဝင် မြန်မာပြည်သူ
ပြည်သားများအားလုံးသည် တရားဥပဒေနှင့်အညီ တန်းတူညီမျှစွာနေထိုင်နိုင်ကြရေး
အတွက် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ငြိမ်းချမ်းရေးရရှိရေးအတွက်
လက်ရှိလက်နက်ကိုင်အဖွဲ့(၁ဝ)ဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးတက်
ကောင်းမွန်လျက်ရှိပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ
ကေအိုင်အေအဖွဲ့နှင့်လည်း ထိတွေ့ ဆက်သွယ်လျက်ရှိရာ မကြာမီ
ငြိမ်းချမ်းရေးလုပ်ငန်းများ အပြည့်အဝအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများလာရောက်နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်
လျက်ရှိပါကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုများပိုမိုရရှိရေးအတွက်
အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင်ရုပ်သိမ်းရန်
လိုအပ်ပါကြောင်း၊ ပြည်သူများအတွက်
အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာစေရေး၊ တန်ဖိုးမြှင့်
ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
အိန္ဒိယနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးကို ဖိတ်ခေါ်ပါကြောင်း
ဖြင့် ဆွေးနွေးပြောကြားသည်။
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ကပြောကြားရာတွင် မိမိတို့နှစ်နိုင်ငံသည် ဘာသာရေး၊ ယဉ်ကျေးမှု
အစဉ်အလာများအရ နှစ်ပေါင်းထောင်ချီ၍ ရင်းနှီးခင်မင်ခဲ့ကြသည့်
နိုင်ငံများဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ
ကျယ်ပြန့်နက်ရှိုင်းစွာဆောင်ရွက်နိုင်ရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ ၏ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိစ္စရပ်များ
အောင်မြင်စွာ ဆောင်ရွက်နိုင်လျက်ရှိခြင်းအတွက် များစွာ
ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း
အပြည့်အဝထောက်ခံအားပေးပါကြောင်း။
နှစ်နိုင်ငံနယ်စပ်ဒေသ
တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသအတွင်း အခြေခံ
အဆောက်အအုံများ ပိုမိုတိုးတက်ရေးအတွက် (၅)နှစ်
စီမံချက်ချမှတ်ဆောင်ရွက်နိုင်ရန် အိန္ဒိယနိုင်ငံက သက်သာသောချေးငွေ
အမေရိကန်ဒေါ်လာ သန်း(၅ဝဝ) ချေးငှားသွားမည်ဖြစ်ပါကြောင်း။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံလက်တွဲ၍
ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်
သွားလိုပါကြောင်း၊ ထို့အပြင် အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံမှုများ
ပိုမိုတိုးမြှင့် ခိုင်မြဲလိုပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့်
အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတကြီး
တက်ရောက်နိုင်ပါရန် ဖိတ်ကြား လိုပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏
ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသစ်၊ မျှော်မှန်းချက်
အသစ်များပြည့်ဝပါစေ ဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ခရီးစဉ်အတွင်း ချုပ်ဆိုကြမည့် နှစ်နိုင်ငံသဘောတူစာချုပ်များ၊
နားလည်မှု စာချွန်လွှာများ ချုပ်ဆိုရေး၊ လမ်းပန်းဆက်သွယ်ရေး၊
ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေး၊ စက်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့်
နည်းပညာကဏ္ဍများဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံသို့လာရောက်
ရင်းနှီးမြှုပ်နှံရေး၊ ငြိမ်းချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်းလုံးညီညွတ်ရေးလုပ်ငန်းများတွင်
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပေါ်
ရင်းနှီးခင်မင်စွာဆွေးနွေးကြသည်။
Monday, May 28, 2012 - 10:15

Comments