နိုင်ငံတကာ အင်တာနက်ဆက်ကြောင်းများ ကုန်းတွင်းပိုင်းမှ ထပ်မံချိတ်ဆက်မည်

နီလာဝင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၃)

ကုန်းတွင်းပိုင်း အင်တာနက်ဆက် ကြောင်းများသို့ လမ်းကြောင်းများ ထပ်မံတိုးချဲ့ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှတာဝန်ရှိသူတစ်ဦးက ယခုလ ၆ ရက်နေ့က ကျင်းပခဲ့သည့် ရတနာပုံ အမျိုးသားအဆင့် ၀က်ဘ်ပေါ်တယ် ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောသည်။

ပင်လယ်ရေအောက် ဖိုင်ဘာဆက် ကြောင်းဖြစ်သည့် Sea-Me-We(3) ကို မှီခိုနေရသည့်အနေအထားကို လျှော့ချရန်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ နှင့် ဆက်သွယ်ထားသောလမ်းကြောင်းများကို ထပ်မံတိုးချဲ့သွားမည်ဟုဆို သည်။

"တရုတ်နဲ့ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းက လက်ရှိ နှစ်ခုကနေ ခြောက်ကြောင်းအထိ ချိတ်ဆက်သွားမယ်။ အိန္ဒိယဘက်မှာ မုံရွာ၊ တမူးဒေသတွေကိုဖြတ်ပြီး ချိတ်ဆက်ထားတဲ့ ဆက်ကြောင်းကိုလည်း တိုးချဲ့သွားဖို့ရှိပါတယ်။ နောက်ထပ် ဘူးသီးတောင်၊ မောင်တောကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားမြို့ဖြတ်ပြီး ထပ်မံ ချိတ်ဆက်သွားမှာဖြစ်ပါတယ်"ဟု အဆိုပါ တာဝန်ရှိ သူက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အင်တာနက်ဆက်သွယ်မှုများကို ဥရောပ လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေ အောက်မှ သွယ်တန်း ထားသော Sea-Me-We(3) ၊ တာချီလိတ်၊ မဲဆိုင်ဘက်မှ ထိုင်းနှင့်ချိတ်ဆက်ထားသည့်လမ်းကြောင်း၊ မူဆယ်မှတစ်ဆင့် တရုတ်နှင့် ချိတ်ဆက်ထားသည့်လမ်းကြောင်းနှင့် မိုရေး၊ တမူး အိန္ဒိယလမ်းကြောင်းများမှ အင်တာနက် ကွန်ရက်ချိတ်ဆက် အသုံးပြုနေခြင်း ဖြစ်သည်။ ချိတ်ဆက်ပြီး ဖိုင်ဘာဆက် ကြောင်းများ၏ အရှည်မှာ ကီလိုမီတာ ၁၀,၀၀၀ (မိုင်ပေါင်း ၈,၀၀၀ ကျော်) ရှိနေပြီဖြစ်ပြီး ရယူထားသည့် Bandwidth Capacity မှာ 3.145 Gbps ရှိကာ ကုန်းတွင်းဆက်ကြောင်းများမှာ Greater Mekong SubRegion Information Superhighway Links ၏ အစိတ်အပိုင်းများဖြစ်သည်။

ယင်းသို့ ဆက်ကြောင်းများတိုးချဲ့ ချိတ်ဆက်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်ကြောင်းတစ်ခုခုတွင် အင်တာနက်ပြတ် တောက်သွားပါက ကျန်သည့်လမ်းကြောင်းများဖြင့် ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်တွင်းအင်တာနက်သုံးစွဲမှုကိုလည်း ပိုမို လျင်မြန် လွယ်ကူလာစေမည်ဟု ဆိုသည်။။

Comments

Popular Posts