အချစ်နဲ့ ပတ်သတ်တဲ့အမြင်လေးတွေ

ကလေးဘ၀...

သိတတ်စအရွယ်မှာတော့ အချစ်ဆိုတာ ရုပ်ရှင်ထဲကလို အစ်ကိုကြီးချောချောတွေနဲ့ အစ်မကြီးချောချောတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး ရည်စားဖြစ်သွားကြတာမျိုး ဆိုတာထက် ဘာမှပိုမသိခဲ့သလို စိတ်လည်းမ၀င်စားခဲ့ပါဘူး။ အချစ်(စစ်စစ်)ဆိုတာ ရုပ်ရည်နဲ့နည်းနည်းလေးမှ မသက်ဆိုင်ဘူးဆိုတာကိုလည်း ဘယ်သိခဲ့ပါ့မလဲနော်...

ဆယ်ကျော်သက်အရွယ်...

သီချင်းတွေထဲက အချစ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားမလည်ပေမယ့် အချစ်သီချင်းတွေကို သဘောတကျ နားထောင်တတ်လာခဲ့ပါပြီ။ အချစ်အတွက် ရုပ်ရည်ရဲ့ အရေးပါမှုက သိပ်နည်းပါလားလို့ တွေးတတ်လာပေမယ့် လူတစ်ယောက်ရဲ့အရည်အချင်းကို အထင်ကြီးမိတာမျိုးဟာ အချစ်များလားလို့ ခပ်ရောရောတွေးမိခဲ့တဲ့ အရွယ်ပါပဲ... (အခုနေ ပြန်တွေးကြည့်တော့ အဲဒီအရွယ်မှာ အချစ်ကို စူးစမ်းမိလို့ မှားနိုင်တဲ့အမှားတွေ အများကြီးပါလားဆိုတာ ပိုသဘောပေါက်လာပါတယ်။ လူကြီးမိဘတွေ စိတ်ပူရင်လည်း ပူစရာပဲဆိုတာ လက်ရှိအရွယ်ရောက်တော့မှ ပိုနားလည်မိပါတယ်...)

၂၀ကျော်အစိတ်ပိုင်း...

ဘုရားရေ... အချစ်ဆိုတာ... ရုပ်ရည်နဲ့ရော အရည်အချင်းနဲ့ရော တခြားဘာဆိုဘာနဲ့မှ မဆိုင်တဲ့ စွဲလမ်းခြင်းသက်သက် ပါလားဆိုတာ အလန့်တကြားသိခဲ့တဲ့ အရွယ်ပါ။ အဲဒီအရွယ်တုန်းက အချစ်နဲ့ မကြာခဏခိုင်းနိုင်းမိတာက (လန့်တော့ မသွားကြပါနဲ့နော်း) မူးယစ်ဆေးဝါးပါ။ ကျွန်မမူးယစ်ဆေးဝါး သုံးဖူးလို့ မဟုတ်ပါဘူး။ ဒါပေမယ့် တွေးမိတာက အချစ်ဆိုတာ မူးယစ်ဆေးလိုပဲလို့။ သူမရှိခင်ကလည်း အေးအေးဆေးဆေး ရှင်သန်နေတာပါပဲ။ စွဲလမ်းမိတဲ့အခါကျမှ မရှိမဖြစ်လိုမျိုး ဖြစ်လာပြီး ဖြတ်ရခက်ရော (ရုပ်ရှင်တွေထဲမှာ မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေကို ကြည့်ပြီးပြောတာပါး) ဖြတ်ပြီးရင်လည်း ဒုက္ခတွေဝေပြီး ကျန်ခဲ့ရော။ ပြီးတော့ ဘ၀က သူမရှိခင်တုန်းကနဲ့လည်း မတူတော့ဘူးလို့ ထင်မိလို့ပါ။ အဲဒီအရွယ်က တွေးမိတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးပါ။ အချစ်ကို တန်ဖိုးထားသူတွေကတော့ ကျွန်မရဲ့ခိုင်းနှိုင်းပုံကို သဘောကျချင်မှကျကြပါလိမ့်မယ်။ စိတ်မရှိကြပါနဲ့နော်။ အဲဒီတုန်းက တွေးမိတာလေးကို သတိရလို့ ပြန်ရေးလိုက်တာပါ...

အပျိုကြီးပေါက်စဘ၀ (၂၅နှစ်ကျော်ခါစ)

အချစ်ဆိုတာ ဖန်တီးယူလို့လည်းမရ အလွယ်တကူဖျက်ဆီးလို့လည်း မရနဲ့ ထိန်းချုပ်ရအခက်ဆုံးသော ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုလို့ တွေးမိလာတာကြောင့် စကြောက်တတ်လာပါတယ်။ တချိန်ထဲမှာပဲ အချစ်ကို ပိုပြီးအသက်ဝင်နူးညံ့စေတဲ့ အရာတစ်ခုကိုပါ ရှာတွေခဲ့ပါတယ်။ မေတ္တာပါ ။ ချစ်ပါတယ် ဆိုမှ မေတ္တာပါရှိပြီပေါ့လို့ ပြောနိုင်ပေမယ့် တကယ်တမ်းကျတော့ မတူပါဘူး။ အချစ်နဲ့မေတ္တာဒွန်တွဲနေတာ လက်ခံပေမယ့် သူတို့ရဲ့ ရာခိုင်နှုန်းအနည်းအများပေါ်မှာ မူတည်ပြီး အချစ်ရဲ့ အရောင်တွေကွဲသွားတယ်လို့ ထင်မိပါတယ်။ အဲဒီရာခိုင်နှုန်းတွေကြောင့်ပဲ အချစ်ဟာ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ စတဲ့ ခေါင်းစဉ်တွေ အတပ်ခံလာရတာလို့ တွေးမိလာပါတယ်။

၂၈ နှစ် ပြည့်လုပြည့်ခင် လက်ရှိအရွယ် (အများအခေါ် အပျိုကြီးပေါ့ကွယ်...း)

အချစ်ဆိုတာ သူလွှမ်းမိုးတာခံနေရတုန်းတော့ နှလုံးသားကို နွေးထွေးစေတဲ့ အနွေးဓာတ်လေးလို့ ထင်ရပေမယ့် တကယ်တမ်းကတော့ အပူစစ်စစ်လေး ဖြစ်နေတာပါလားလို့ မြင်လာမိပါတယ်။ ဒါပေမယ့် ပုထုဇဉ်တွေပီပီ အချစ်နဲ့ မကင်းနိုင်ကြသရွေ့ ဆောင်ရမယ့် အပူသက်သာဆေးကိုလည်း သိလိုက်ရပြန်ပါတယ်။ မေတ္တာပါပဲ။ မေတ္တာဟာ အရင်ကတွေးမိသလို အချစ်ကို ပိုပြီးအသက်ဝင်နူးညံ့စေရုံသာ မကဘဲ အအေးဓာတ်တွေပါ သမမျှတအောင် ရောပေးတဲ့အရာလို့ မြင်မိပါတယ်။ မင်းသမီး စိုးမြတ်သူဇာပြောတဲ့ “အချစ်ဆိုတာ စေတနာပါ” ဆိုတာလေးကိုလည်း သဘောကျမိပါတယ်။ အဲဒီစကားမှာ မေတ္တာရဲ့အရိပ်အငွေ့တွေ အများကြီးပါနေလို့ပါ။ မေတ္တာအင်အားကြီးလေ နားလည်နိုင်စွမ်းများလေ အနှောင်အဖွဲ့မဲ့တဲ့ စေတနာတွေ ထားနိုင်လေပါပဲ။ ဒါကြောင့် မေတ္တာတွေအများကြီးပါတဲ့ အချစ်နဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်ကြရင် အားလုံးပိုပြီး စိတ်ချမ်းသာနိုင်ကြမှာပါ။ အခုလက်ရှိအချိန် မှာတော့ အချစ်သက်သက်ကို မျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့ သတ္တိတွေ သိပ်နည်းနေခဲ့ပြီမို့ ရှောင်လွှဲမရဘဲ ကြုံလာခဲ့ရင်လည်း မေတ္တာတွေအများကြီးနဲ့ ရောမွှေဖို့ ကြိုးစားမိမှာပါပဲ...

အဆုံးသတ်အနေနဲ့ အသက်သိပ်ငယ်သေးတဲ့ မောင်ငယ်ညီမငယ်လေးတွေကို သတိပေးချင်တာလေး ရှိပါသေးတယ်။ ညီမလေးတို့ မောင်လေးတို့ရေ အချစ်ဆိုတာ အချိန်တန်ရင် သူ့ဟာသူ ဖြစ်တည်လာတတ်တဲ့အရာဆိုတော့ မတားမြစ်ပါဘူး။ ဒါပေမယ့် ကြားမှာထရံပါးပါးလေးပဲ ခြားပေမယ့် လုံးဝမတူတဲ့ ချစ်တာနဲ့ကြိုက်တာကို ကွဲကွဲပြားပြားသိဖို့ သတိထားကြပါနော်။ အချစ်ဟာ ဘ၀ရဲ့ ချစ်စရာအကောင်းဆုံး အစိတ်အပိုင်းဖြစ်ချင်ဖြစ်နိုင်ပေမယ့် ကိုယ့်ရဲ့ သိက္ခာ၊ တိုးတက်ရေးနဲ့ ရှင်သန်မှုတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့လို့လည်း သတိပေးချင်ပါသေးတယ်...

အားလုံးပဲ မေတ္တာတွေနဲ့ ထုံမွမ်းထားတဲ့ အချစ်ကို ထွေးပိုက်ရင်း စစ်မှန်တဲ့ ကိုယ်ရဲ့တခြမ်းနဲ့အတူ အမြဲ ပျော်ရွှင်နိုင်ကြပါစေ
ရေးသူ
ရွှေပြည်သူ

Comments

ဒီပို့စ်က ၂၀၀၈ ခု အောက်တိုဘာ ၁၈ တုန်းက ကျွန်မရေးခဲ့တဲ့ပို့စ်လေး ဖြစ်တာကြောင့် စာရေးသူနေရာမှာ ကျွန်မနာမည်လေး ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါရစေ ကိုလင်းအာရုဏ်။ မူရင်းLink က ဒီမှာပါ http://www.shwepyithu.com/2008/10/blog-post_18.html

ရွှေပြည်သူ
Anonymous said…
ဟုတ်ကဲ့ ကျွန်တော် ပြန်ပြင်ထားလိုက်ပါ့မယ် post ရေးတဲ့သူကိုမသိလို့ မရေးလိုက်မိတာကို ခွင့်လွှတ်နားလည်ပေးပါ