သရုပ်ဆောင်မိုးဟေကိုနှင့်တွေ့ဆုံခြင်း
အနုပညာလောက အတွင်းသို့ တစ်ကျော့ပြန်
ဝင်ရောက်လာချိန်၌ အရှိန်ပြင်းပြင်း လှုပ်ရှားမှုများဖြင့် ပုံဖော်နိုင်ခဲ့သူ၊
အချိန်တိုအတွင်းမှာပင် မော်ဒယ်လ်တစ်ဦးအဖြစ်မှသည်
သရုပ်ဆောင်တစ်ဦး အဖြစ်သို့ ကူးပြောင်း ရောက်ရှိ သွားခဲ့သူဟု ဆိုရမည့်
သရုပ်ဆောင်မိုးဟေကိုနှင့် ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍအတွက်
တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ ယခုနှစ်အတွင်း ဇာတ်ကားအများအပြား ထွက်ရှိသည့်
မင်းသမီးများ ထဲတွင် တစ်ဦးအပါအ၀င်ဟု ဆိုနိုင်သလိုကျရာ ဇာတ်ရုပ်ပီပြင်ရန်
ကြိုးစားလာသူဟုလည်း ပရိသတ် အသိအမှတ်ပြုခံရသူ ဖြစ်သည်။
သတင်းစကားများစွာနှင့် ပရိသတ် စိတ်ဝင်စားခံခဲ့ရသည့် သရုပ်ဆောင် မိုးဟေကိုက
ယခုနှစ်အတွင်းတွင်တော့ သရုပ်ဆောင်တစ်ဦး အဖြစ်သာ အာရုံစိုက်နေသည်ကို
တွေ့ရသည့်အပြင် ဘောလိဝုဒ်တွင် လက်ရှိရိုက်ကူးလျက်ရှိသည့် သရုပ်ဆောင်
လိုင်လာခန်းနှင့်အပြိုင် သရုပ်ဆောင်ရသည့် ‘တိုက်ဆိုင်မှုရှိလျှင်’
ရုပ်ရှင်ဇာတ်ကားသည်လည်း စိတ်ဝင်စားစရာ တစ်ခုပင် ဖြစ်သည်။ မိုးဟေကို၏
လတ်တလော အနုပညာအရေး၊ သူမရှေ့ဆက်သွားလိုသည့် အလားအလာ၊ ယုံကြည်ချက် များကို
မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ မိုးဟေအခု လတ်တလောမှာ
သရုပ်ဆောင်ပိုင်းကို ပိုပြီး အာရုံစိုက်လာသလိုပဲနော်။ သရုပ်ဆောင်ပိုင်းကို
ပိုပြီးအချိန်ပေးဖြစ်တဲ့ သဘောလား။
ဖြေ ။မိုးဟေ ဒီအလုပ်တွေ စလုပ်ကတည်းကလည်း
သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း အတတ်နိုင်ဆုံး
ကြိုးစားခဲ့တယ်။ အခုအခြေအနေ အခွင့်အလမ်းပေးလို့ သရုပ်ဆောင်တစ်ယောက်
ဖြစ်ခွင့်ရလို့ ကိုယ်လုပ်နိုင်တဲ့လမ်းကြောင်းပေါ်မှာ အကောင်းဆုံးဖြစ်အောင်
အာရုံစိုက်တဲ့ သဘောပါပဲ။
မေး ။ ထွက်လာတဲ့ ကားတွေထဲမှာလည်း
မိုးဟေအတွက် လုပ်ကွက်ရတဲ့ ကာရိုက်တာမျိုးတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာ
ဇာတ်ကားရွေးချယ် ရိုက်ကူးဖြစ်တာလား။
ဖြေ ။
မိုးဟေတို့မင်းသမီးတွေရဲ့အနေအထားကတော့ သိပ်အများကြီး ရွေးချယ်ခွင့်ရှိတဲ့
အနေအထားမျိုးတော့ မဟုတ်ပါဘူး။ စပြီး လာပြောကတည်းကကို မိုးဟေနဲ့
လိုက်ဖက်တာမျိုးပဲ လာပြောကြတာ များပါတယ်။ ဒါကြောင့် မိုးဟေလည်း
သိပ်အများကြီး မရွေးချယ်ဖြစ်ဘူး။ ကိုယ်ရလာတဲ့ အခွင့်အရေးပေါ်မှာ အကောင်းဆုံး
ဖြစ်အောင်ပဲ ကြိုးစားပါတယ်။
မေး ။ မင်းသမီးတွေရှားတယ်၊ ရိုက်ရက် အခက်အခဲ ရှိတယ်ဆိုတဲ့ စကားတွေလည်း ကြားနေရတော့ မိုးဟေရဲ့ ရိုက်ရက်ပေးရတဲ့ အနေအထားကရော။
ဖြေ ။ မိုးဟေအနေနဲ့ကတော့ ဒီအလုပ်
စလုပ်ကတည်းကလည်း ကိုယ်ပေးနိုင်တဲ့ရိုက်ရက် အတိုင်းပဲပေးခဲ့တာ ပါ။
တစ်ခါတလေမှာအခက်အခဲရှိ လို့ပါဝင်တဲ့အဖွဲ့ဝင်တွေထဲကညှိနှိုင်း
လာခဲ့မယ်ဆိုလည်း ဒီလိုပဲအားလုံး အဆင်ပြေအောင် ညှိနှိုင်းပြီး လုပ်ကြရတာပါပဲ။
မေး ။ ကာရိုက်တာတွေကို သေချာရွေးချယ်
ရိုက်တဲ့သူ တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရိုက်ချင်တဲ့ ကားမျိုးကို
ထုတ်လုပ်သူအဖြစ် ရိုက်ဖို့ရှိမလား။
ဖြေ ။ လုံးဝမရှိသေးပါဘူးရှင်။
မေး ။ ဇာတ်ကားရိုက်တွေ
ဆက်တိုက်ရိုက်ဖြစ်တဲ့အခါကျတော့ ရှိုးပွဲလျှောက်တာတို့၊ ကြော်ငြာ ရိုက်တာတို့
အပိုင်းတွေမှာ လျှော့လိုက်ရတာမျိုး ရောရှိလား။
ဖြေ ။ မော်ဒယ်လ် လျှောက်တာကတော့ မိုးဟေ
နဂိုကတည်းကလည်း တချို့အရမ်းခင်တဲ့၊ မငြင်းနိုင်လောက် တဲ့သူတွေကိုပဲ
လျှောက်ပေးဖြစ်တာပါ။ ကြော်ငြာရိုက်တာကတော့ ကားရိုက်နဲ့ ညှိပြီး လက်ခံဖြစ်ပါ
တယ်။ ကြော်ငြာကျတော့လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ
ပျံ့နှံ့တဲ့အခါကျတော့ မိုးဟေတို့ အားတဲ့အချိန်ကို လက်ခံ ဖြစ်တာများပါတယ်။
မေး ။ ရုပ်ရှင်ကားကြီး အတွက်ရော ထပ်ပြီး လက်ခံထားတဲ့ကားတွေရှိလား။
ဖြေ ။ လက်ခံထားတာတွေတော့ ရှိပါတယ်။ ၂၀၁၂ ထဲမှာပါပဲ။
မေး ။ ရိုက်ဖို့ပြောထားတဲ့ ရုပ်ရှင်ကားကြီး တွေထဲမှာရော မိုးဟေအတွက် လုပ်ကွက်ရမယ့်၊ မှတ်မှတ်ထင်ထင် ဖြစ်စေမယ့်ကားမျိုးတွေပါမှာလား။
ဖြေ ။ လာပြောထားတဲ့ ကားလေးတွေက
ပေါ့ပေါ့ပါးပါး ဖန်စီလေးတွေများပါတယ်။ ရိုက်ကြတဲ့ ကားတွေကလည်း
ပေါ့ပေါ့ပါးပါးလေးတွေပဲ များတော့လေ။ မိုးဟေအတွက် လုပ်ခွင့်ရသလောက်တော့
အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်မှာပါ။
မေး ။ တိုက်ဆိုင်မှုရှိခဲ့လျှင်ဇာတ်ကားမှာ လိုင်လာခန်းနဲ့အပြိုင် သရုပ်ဆောင် ရတာဆိုတော့ တခြားကားတွေ ရိုက်ရတာနဲ့ ဘာကွာလဲ။
ဖြေ ။ အဲဒီလိုမျိုးတော့လည်း
ထူးထူးခြားခြား မရှိပါဘူး။ မိုးဟေက အဲဒီကားမှာ အိမ်ထောင်သည်ဇာတ်ရုပ်ပေါ့။
တည်တည်ငြိမ်ငြိမ်နဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ပုံစံ ဖြစ်အောင်
ကြိုးစားရတာပဲ ရှိပါတယ်။ အ၀တ်အစားတို့ အမူအရာပိုင်းတို့က အစလည်း
ကြိုပြီးပြင်ဆင်ရတာပေါ့လေ။ ဒါရိုက်တာဦးမျိုးမင်း
သင်ကြားပေးတဲ့အတိုင်းကိုပဲ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တာပဲ ရှိပါတယ်။
ကျန် တာတော့ ထွေထွေ ထူးထူးမရှိပါဘူး။
မေး ။ ၂၀၁၁ တစ်နှစ်တာလုံးကို ပြန်ပြီး သုံးသပ်ကြည့်မယ် ဆိုရင်ရော မိုးဟေ လုပ်နိုင်ခဲ့တာတွေ အတွက် ကျေနပ်လား။
ဖြေ ။ ပြောရရင်တော့ အခုမှ
ပြန်စဉ်းစားကြည့်ရမှာ။ နှစ်စပိုင်းကစလို့ တစ်ရက်ချင်း တစ်နေ့ချင်း
ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုချင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး
လုပ်ခဲ့ပါတယ်။ ကျန်တဲ့ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုတာ တွေတော့
သိပ်အများကြီးမစဉ်းစားဖြစ်ပါဘူး။
မေး ။ မိုးဟေဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း အရရော မိုးဟေ လုပ်နိုင်တာတွေ၊ လုပ်ခွင့်ရလာတာတွေအပေါ် ဘယ်လိုသုံးသပ်မိလဲ။
ဖြေ- မိုးဟေအနေနဲ့တော့ အနုပညာအလုပ်ကို
တကယ်ဝါသနာ ပါတယ်။ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်။ အဲဒီအတွက်လည်း
အစွမ်းကုန်ကြိုးစားခဲ့တယ်။ ကိုယ်လုပ်ခွင့်ရတဲ့ အလုပ် တစ်ခုချင်းစီကို
ကြိုးစားပုံဖော်ပါတယ်။ အခု အနုပညာသက်တမ်း အချိန်ကာလတစ်ခု
ဖြတ်သန်းပြီးချိန်မှာ အတွေ့အကြုံတချို့လည်း ရရှိလာပေမယ့် ထပ်ပြီး
လေ့လာသင်ယူ စရာတွေလည်း အများကြီး ရှိပါသေးတယ်ရှင်။

Comments