ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စားဆင်ယဉ်မှုများသည် အများပြည်သူအပေါ် လွမ်းမိုးမှုရှိ
အမျိုးသား ခေါင်းဆောင်ကြီး၏
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှု
ပုံစံကို သဘောကျ နှစ်သက် ကြသူများတွင်
၎င်းနှင့် ရွယ်တူ အမျိုးသမီးများ သာမက လူငယ် အမျိုးသမီးများပင်
ပါဝင်ကြောင်း သိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စား
ဆင်ယင်တယ်။
ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း
စမတ်ကျတယ်" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာ မဟာတန်း
တက်ရောက်နေသူ မသီသီလွင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်တုန်းက လန်ဒန်
တက္ကသိုလ် မှာလည်း ကျောင်းသွားတက် ဖူးတယ်လို့သိရပါတယ်။ နောက်
နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျခဲ့တာတောင်မှ သူဟာ မြန်မာတစ်ဦးဆိုတဲ့ စိတ်၊
မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်း ရှိနေတယ်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ
ကျောင်းသွားတက်တဲ့ အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော
အရင်တုန်းကဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် မြန်မာအဝတ်အစားနဲ့ပဲ တွေ့ရတယ်။
ဂုဏ်ယူစရာလည်း ကောင်းတယ် ဟု ၄င်းကဆိုသည်။ အချို့သူများက ဒေါ်အောင်ဆန်းစုကြည်
ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများ အတိုင်း လိုက်ချုပ်ကြသည်အထိ ရှိသည်ဟု သိရသည်။
အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့
ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာအပေါ်ထောင့်ကြယ်သီးနေရာမှာ
ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်း
ကရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊နောက်၅၀ကျော်တွေရော
အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။
ကျွန်မတို့ငယ်ငယ်တုန်းက လည်း (၁၉၉၀
ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို
ရောင်စုံချိတ်လိုးပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်။ ဟု
စမ်းချောင်းမြို့''ဝင်း"စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင် ကပြောကြားပါသည်။
မြန်မာဆန်စွာ ဝတ်ဆင်သည့် အပြင်
ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်းပန်လေ့ရှိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး၏
ကျက်သရေရှိသော ဟန်ပန် အပြည့် ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက်
လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှ
ဆန်းဆန်းပြားပြားကြီးတွေ မပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့်
သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "
ဟု၎င်းကပြောသည်။
သော်သော်
Comments